မင်းသမီး Park Eun Bin နဲ့ပတ်သက်ပြီး ပရိသတ်တွေမသိရှိကြသေးတဲ့ အချက် (၆) ချက်

မင်းသမီး Park Eun Bin နဲ့ပတ်သက်ပြီး ပရိသတ်တွေမသိရှိကြသေးတဲ့ စိတ်ဝင်စားစရာအချက် (၆) ချက်

လက်ရှိကိုရီးယားဒရမ်မာပရိသတ်တွေအကြားထဲမှာ ရေပန်းစားနေတဲ့ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲထဲမှ မင်းသမီး Park Eun Bin ကိုတော့ အထွေအထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ ဒါပေမယ့်လည်း သူမနဲ့ပတ်သက်ပြီး ပရိသတ်တွေအများစုမသိရှိကြသေးတဲ့အချက်အလက်တချို့ကတော့ ရှိနေပါသေးတယ်။ ဒါကြောင့် Woo Young Woo ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီး Park Eun Bin နဲ့ပတ်သက်ပြီး ပရိသတ်တွေမသိရှိကြသေးတဲ့ စိတ်ဝင်စားစရာအချက် (၆) ချက်ကို တင်ဆက်ပေးချင်ပါတယ်။

အဲဒီအချက် ၆ ချက်ထဲကမှ ပထမဆုံးတစ်ချက်ကတော့ Park Eun Bin ဟာ အသက် ၅ နှစ်အရွယ်ကတည်းက ကလေးအင်္ကျီကြော်ငြာမော်ဒယ်လ်အဖြစ်နဲ့ အနုပညာနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ဒီနှစ်မှာဆိုရင် သူမရဲ့အနုပညာသက်တမ်းက ၂၅ နှစ်တိတိပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

သူမဟာ ကလေးမော်ဒယ်လ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တယ်ဆိုပေမယ့်လည်း အဲဒီအချိန်ကတည်းက ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး အဲဒီနောက်မှာတော့ ပရိသတ်တွေအရှေ့ကနေပျောက်ကွယ်မသွားဘဲ ဆက်တိုက်ဆိုသလို အနုပညာလှုပ်ရှားမှုတွေပြုလုပ်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယတစ်ချက်ကတော့ သူမ ပထမဆုံးသရုပ်ဆောင်ခွင့်ခဲ့ရတဲ့ဇာတ်ကားထဲက ပထမဆုံးဒိုင်ယာလော့ဒ်တစ်ကြောင်းကိုတော့ ဒီနေ့အထိမှတ်မိနေဆဲဖြစ်ပြီး အဲဒီဒိုင်ယာလော့ဒ်ကတော့ “ကြက်ဥ” ဖြစ်ပါတယ်တဲ့။

တတိယအချက်အနေနဲ့ကတော့ သူမဟာ ၂၀၁၁ ခုနှစ်ကထုတ်လွှင့်ပြသခဲ့တဲ့ “Dream High” ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး သူမ ပါဝင်ခဲ့ရတဲ့ဇာတ်ကောင်ကတော့ Suzy ရဲ့ ညီမဖြစ်သူနေရာကနေဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တော့ အပြင်မှာ သူမက Suzy ထက် အသက် ၂ နှစ်မျှကြီးသူဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်တုန်းကထုတ်လွှင့်ပြသခဲ့တဲ့ “Do you like Brahms?” ဇာတ်လမ်းတွဲထဲမှာတော့ သူမက César Franck နဲ့ Johannes Brahms တို့ရဲ့ တယောတေးသွားသံစဉ်ကို နောက်ခံအကူအညီမပါဘဲ ကိုယ်တိုင်ကိုယ်ကျထိုးပြခဲ့ပြီး အဆိုပါသံစဉ်သီချင်းတွေဟာဆိုရင် တော်ရုံတယောပညာရှင်တွေအတွက်တောင်မှ ခက်ခဲတဲ့သီချင်းတွေဖြစ်တယ်လို့ သိရပါတယ်။

သူမနဲ့ပတ်သက်တဲ့ နောက်ထပ်အချက်တစ်ချက်ကတော့ သူမဟာ အိမ်တွင်းပုန်းရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး မည်သည့်အလုပ်မျှမရှိတဲ့ အချိန်တွေမှာဆိုရင် အခန်းထဲမှာပဲနေရတာကို အပျော်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ သူမက Woo Young Woo ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် ယုံကြည်ချက်မရှိတာကြောင့် စတင်ကမ်းလှမ်းခဲ့တဲ့အချိန်တုန်းက အကြိမ်ကြိမ်ငြင်းပယ်ခဲ့ဖူးတယ်ဆိုတာပါပဲ။

ဒါပေမယ့်လည်း ဇာတ်ကားရဲ့ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူတို့က ဒီဇာတ်ကောင်ကို သူမတစ်ယောက်တည်းကသာလျှင် သရုပ်ဆောင်နိုင်တယ်လို့ဆိုကာ ဇွဲမလျှော့ဘဲ တစ်နှစ်ကျော်မျှစောင့်ဆိုင်းနေပေးခဲ့တာကြောင့် နောက်ဆုံးမှာတော့ သူမဟာ သူမကို ယုံကြည်ပေးကြတဲ့သူတွေအတွက် ဒီဇာတ်ကောင်ကို လက်ခံရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x