မထင်မှတ်ပဲ သူငယ်ချင်းတွေဖြစ်လို့နေကြတဲ့ Gong Hyo Jin နဲ့ Jung Ho Yeon
မထင်မှတ်ပဲ သူငယ်ချင်းတွေဖြစ်လို့နေကြတဲ့ Gong Hyo Jin နဲ့ Jung Ho Yeon
အသက် ၄၂ နှစ်အရွယ် မင်းသမီး Gong Hyo Jin နဲ့ အသက် ၂၈ နှစ်အရွယ် မော်ဒယ်သရုပ်ဆောင် Jung Ho Yeon တို့ဟာ သူတို့နှစ်ယောက်ကြားက အသက် ၁၄ နှစ် ကွာဟလို့နေတဲ့ ဖြစ်နိုင်ဖွယ်မရှိတဲ့ ခင်မင်ရင်းနှီးမှုမျိုးကို ပြသခဲ့ကြပါတယ်။
သြဂုတ်လ ၇ ရက်နေ့က Gong Hyo Jin က သူမနဲ့ Jung Ho Yeon တို့ရဲ့ နှစ်ယောက်တွဲ အလှဓာတ်ပုံလေးကို caption မပါဘဲ သူမရဲ့ Instagram အကောင့်မှတစ်ဆင့် တင်ထားခဲ့တာပါ။
ဓာတ်ပုံထဲမှာတော့ Gong Hyo Jin နဲ့ Jung Ho Yeon တို့ နှစ်ယောက်စလုံးဟာ သက်တောင့်သက်သာရှိတဲ့ ပေါ့ပေါ့ပါးပါး ၀တ်စုံတွေနဲ့အတူ ဦးထုပ်လေးတွေ ကိုယ်စီ ၀တ်ဆင်ထားကြပြီး သူတို့ရဲ့ မော်ဒယ်အသွင်နဲ့ လိုက်ဖက်တဲ့ အငွေ့အသက်တွေကိုလည်း ဖန်တီးထားနိုင်ခဲ့ပါတယ်။
နှာခေါင်းစည်းတွေလည်း ၀တ်ဆင်ထားကြတာကြောင့် ငယ်ရွယ်နုပျိုလှတဲ့ ရုပ်ရည်လေးနဲ့ Gong Hyo Jin ဟာလည်း အသက် ၂၀ ကျော် ဝန်းကျင်သာ ရှိနေခဲ့ပုံပေါ်ခဲ့ပါတယ်။
ဒီဓာတ်ပုံကိုမြင်ခဲ့ရတဲ့ မင်းသမီး Uhm Ji Won (၄၄ နှစ်) ကလည်း “ Jung Ho Yeon ကို နင် (Gong Hyo Jin) လို့ ခဏလောက်ထင်ခဲ့တယ် ” လို့ နှစ်ယောက်ကြားက ဆင်တူမှုတွေကို ထောက်ပြခဲ့ပါတယ်။
Jung Ho Yeon ကလည်း အလားတူပုံစံကို သူမမြင်ခဲ့ရကြောင်း ဝန်ခံခဲ့ပြီး “ကျွန်မတို့နှစ်ယောက်က တူတယ်လို့ ထင်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။ ဒီသူငယ်ချင်း အတွဲလေးဟာ အသက် ၁၄ နှစ် ကွာခြားမှုနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ရုပ်ရည် အသွင်အပြင်ချင်းကလည်း ဆင်နေကြလို့ ပရိသတ်တွေကလည်း အံ့အားသင့်ခဲ့ကြရပါတယ်။