ကိုရီးယားလူမျိုးတွေရွေးချယ်ထားတဲ့ သူတို့အကြိုက်နှစ်သက်ဆုံး မော်ဒယ်လ်ဘဝမှကူးပြောင်းလာကြသူ သရုပ်ဆောင်များ

ကိုရီးယားလူမျိုးတွေရွေးချယ်ထားတဲ့ သူတို့အကြိုက်နှစ်သက်ဆုံး မော်ဒယ်လ်ဘဝမှကူးပြောင်းလာကြသူ သရုပ်ဆောင်များ

လက်ရှိအောင်မြင်လူကြိုက်များနေကြတဲ့ ကိုရီးယားသရုပ်ဆောင်အချို့ဟာဆိုရင် အနုပညာလောကထဲကို မော်ဒယ်လ်အဖြစ်နဲ့ စတင်ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး နှစ်အတော်ကြာပြီးကာမှ သရုပ်ဆောင်နယ်ပယ်ထဲကို ကူးပြောင်းလာခဲ့ကြသူတွေဖြစ်ပါတယ်။ အဲဒီလိုသရုပ်ဆောင်တွေထဲကမှ အခုဖော်ပြပေးသွားမှာကတော့ ကိုရီးယားလူမျိုးပရိသတ်တွေရွေးချယ်ထားတဲ့ သူတို့အကြိုက်နှစ်သက်ဆုံးသောသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေကတော့ …..

Lee Jong Suk

လက်ရှိကိုရီးယားသရုပ်ဆောင်လောကရဲ့ ကြေးအမြင့်ဆုံးသောမင်းသားတစ်လက်ဖြစ်တဲ့ Lee Jong Suk ဟာဆိုရင် အနုပညာနယ်ပယ်ထဲကို မော်ဒယ်လ်တစ်ယောက်အဖြစ်နဲ့ ၂၀၀၅ ခုနှစ်ကနေစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး Seoul Fashion Week မှာလည်း အသက်အငယ်ဆုံး အမျိုးသားမော်ဒယ်လ်အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီကနေစတင်လို့ သူဟာ ဖက်ရှင်ရှိုးပွဲများစွာမှာ ပါဝင်လျှောက်လှမ်းခဲ့သလို Idol ဖြစ်လာဖို့အတွက်လည်း လေ့ကျင့်မှုတွေပြုလုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ သရုပ်ဆောင်လောကထဲကိုတော့ “Prosecutor Princess” ဇာတ်လမ်းတွဲနဲ့စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ သူ့ကို စတင်အသိအမှတ်ပြု အောင်မြင်စေခဲ့တဲ့ဇာတ်ကားကတော့ ‘School 2013’ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

Lee Sung Kyung

မင်းသမီး Lee Sung Kyung ဟာဆိုရင်လည်း ၂၀၀၈ ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံအတွင်းမှာပြုလုပ်ခဲ့တဲ့ မော်ဒယ်လ်ပြိုင်ပွဲကနေတစ်ဆင့် အနုပညာနယ်ပယ်ထဲကိုဝင်ရောက်လာခဲ့သူပါ။ ဒီလိုနဲ့ ၂၀၁၄ ခုနှစ် ရောက်ရှိချိန်မှာတော့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “It’s Okay, That’s Love” မှာ ဇာတ်ပို့အနေနဲ့ပါဝင်ပြီး သရုပ်ဆောင်လောကထဲကိုဝင်ရောက်ခဲ့ကာ လက်ရှိမှာတော့ သူမဟာ ကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ခေါင်းဆောင်မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။

Kim Woo Bin

ကိုရီးယားနိုင်ငံအတွင်းမှာသာမက နိုင်ငံတကာမှပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို တစ်ခဲနက်ရရှိထားသူ မင်းသား Kim Woo Bin ဟာဆိုရင်လည်း မော်ဒယ်လ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီးမှ “White Christmas” ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်လောကထဲကို ခြေလှမ်းစတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းမှာတော့ ပရိသတ်တွေရဲ့အာရုံစိုက်မှုကို ချက်ချင်းဆိုသလိုမရရှိခဲ့ဘဲ “School 2013” နဲ့ “The Heirs” ဇာတ်ကားတို့မှာပါဝင်ခဲ့ပြီးမှသာလျှင် သရုပ်ဆောင်အဖြစ်နဲ့ အသိအမှတ်ပြုခံခဲ့ရတယ်လို့ သိရပါတယ်။

Jang Yoon Ju

၁၉၉၇ ခုနှစ်မှာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ခြေလှမ်းစတင်ခဲ့တဲ့ Jang Yoon Ju ဟာဆိုရင် အဲဒီအချိန်တုန်းက အသက် ၁၇ နှစ်အရွယ်မျှသာရှိခဲ့သေးတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာ အအောင်မြင်ဆုံးသောကိုရီးယားမော်ဒယ်လ်တစ်ယောက်ဖြစ်လာခဲ့ပြီး အဆိုတော်အဖြစ်နဲ့ တေးအယ်လ်ဘမ်နှစ်ချပ် ထွက်ရှိနိုင်ခဲ့ရုံသာမက ဖျော်ဖြေရေးအစီအစဉ်တွေမှာလည်း တင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ သူမအနေနဲ့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ဇာတ်ကားကတော့ “Veteran” ဆိုတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီး ဒီဇာတ်ကားထဲမှာဆိုရင် သူမဟာ စုံထောက်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

Kang Dong Won

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးဝါရင့်မင်းသားတစ်လက်ဖြစ်တဲ့ Kang Dong Won ဟာဆိုရင်လည်း မော်ဒယ်လ်တစ်ယောက်အနေနဲ့ ခြေလှမ်းစတင်ခဲ့ပြီးမှ “Country Princess” ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်နယ်ပယ်ထဲကို ကူးပြောင်းလာခဲ့သူဖြစ်ပါတယ်။ မော်ဒယ်လ်အဖြစ်လှုပ်ရှားခဲ့စဉ်အချိန်တုန်းကဆိုရင် သူဟာ DKNY, Hugo Boss နဲ့ Gucci တို့လိုမျိုး ကမ္ဘာကျော်အမှတ်တံဆိပ်တွေရဲ့ ဖက်ရှင်ရှိုးပွဲတွေမှာ လျှောက်လှမ်းခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

Jung Ho Yeon

“Squid Game” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ Jung Ho Yeon ကတော့ ၂၀၁၀ ခုနှစ်မှာ မော်ဒယ်လ်အဖြစ် ခြေလှမ်းစတင်ခဲ့တာဖြစ်ပြီး Seoul Fashion Week, Korea’s Next Top Model နဲ့ New York Fashion Week တို့လိုမျိုး ဖက်ရှင်ရှိုးပွဲများစွာမှာ ပါဝင်ယှဉ်ပြိုင်လျှောက်လှမ်းခဲ့သူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အရောက်မှာတော့ Netflix ရဲ့နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ‘Squid Game’ မှာပါဝင်ခွင့်ရခဲ့ပြီး သရုပ်ဆောင်လောကထဲကို ခြေလှမ်းစတင်ခဲ့ပါတော့တယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.