တရားစွဲခံရမှာမကြောက်ဘူးလို့ပြောလာတဲ့ V နဲ့ Jennie တို့ရဲ့ဒိတ်တင်းပုံရိပ်တွေကို စတင်ဖြန့်ချိသူ

တရားစွဲခံရမှာမကြောက်ဘူးလို့ပြောလာတဲ့ V နဲ့ Jennie တို့ရဲ့ဒိတ်တင်းပုံရိပ်တွေကို စတင်ဖြန့်ချိသူ

လတ်တလောအွန်လိုင်းအသုံးပြုသူတွေအကြားမှာ BTS အဖွဲ့ဝင် V နဲ့ BLACKPINK အဖွဲ့ဝင် Jennie တို့ရဲ့ဒိတ်တင်းသတင်းပုံရိပ်တွေဟာဆိုရင် ပျံ့နှံ့လူပြောနေတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတာကို ပရိသတ်တို့အနေနဲ့သိရှိထားကြပြီးဖြစ်မှာပါ။ Idol နှစ်ယောက်လုံးရဲ့ ပရိသတ်တွေကတော့ ဒီပုံတွေဟာ ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့ ပြုပြင်ဖန်တီးထားတဲ့ပုံတွေသာဖြစ်ကြောင်း၊ V နဲ့ Jennie တို့ကို မလိုမုန်းတီးသူတစ်ယောက်က တမင်ဖန်တီးဖြန့်ချိလိုက်ခြင်းဖြစ်ကြောင်းဆိုကာ ယင်းပုံရိပ်တွေထွက်ပေါ်လာတာနဲ့ပတ်သက်လို့ ခန့်မှန်းယုံကြည်ထားကြပါတယ်။

ဒါပေမယ့် ဒီပုံတွေကို စတင်ဖြန့်ဝေလိုက်တဲ့ တွစ်တာအသုံးပြုသူကတော့ သူ့အနေနဲ့ အဆိုပါပုံတွေကိုချပြလိုက်တာနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရမှာကို လုံး၀ကြောက်ရွံ့ခြင်းမရှိဘူးလို့ဆိုကာ ဩဂုတ်လ ၃၀ ရက်နေ့ မနေ့တုန်းက တယ်လီဂရမ်အကောင့်ကနေတစ်ဆင့် စိန်ခေါ်ပြောခဲ့တာကိုတွေ့ရပါတယ်။

“ငါ Jennie ဆီကို စာပို့ပေမယ့် သူက ငါ့ကို လုံး၀ Reply မလုပ်ဘူးလေ … ငါ ဒီပုံတွေကိုပထမဆုံးမြင်တဲ့အချိန်တုန်းက သူတို့တွေကိုဆက်သွယ်ခဲ့ပါတယ် … အခု ငါ့မှာ တွစ်တာအကောင့်မရှိတော့ပေမယ့် သက်သေပြစရာရှိတာကိုတော့ပြရဦးမှာပဲ … ငါ့ကို ဒီပုံတွေ ဘယ်ကရခဲ့သလဲလို့မေးကြမယ်ဆိုရင် ငါ့အကောင့် အဖျက်မခံရခင်တုန်းက နောက်ဆုံး Tweet လုပ်ခဲ့တဲ့အထဲမှာ သဲလွန်စအကြီးကြီးတစ်ခုပါသားပဲ … သေချာတာကတော့ အဲဒီသဲလွန်စကို လုံး၀လုံး၀ကို လူနည်းစုကပဲ နားလည်ကြမှာ” လို့ဆိုကာ သူက သူ့အနေနဲ့ ပုံတွေရခဲ့တာနဲ့ပတ်သက်ပြီးမေးမြန်းထားတာကို ဖြေဆိုပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပရိသတ်တစ်ယောက်က သူ့ကို အခုလိုမျိုးပုံတွေဖြန့်လိုက်တာကြောင့် အေဂျင်စီတွေဘက်က တရားစွဲခံရမှာကိုမကြောက်ဘူးလားလို့ မေးခဲ့ပြီး ဒီမေးခွန်းကိုတော့ သူက “တကယ်လို့ မင်းတို့က ဒီကိစ္စမှာ ငါ အမှားလုပ်ခဲ့တယ်လို့ထင်ရင် ငါ့ကိုတရားစွဲဖို့အတွက် YG နဲ့ HYBE က သွားပြောကြလေ သူတို့သာ ငါ့ကိုတကယ်တရားစွဲချင်ရင် တစ်ပတ်တောင်မကြာပါဘူး” လို့ဆိုကာ ပြန်လည်ဖြေဆိုပေးသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ သူက “ငါ့ကို ဒီထက်ပိုပြီးထုတ်ဖော်ပါဦးဆိုပြီးတော့ လာပြောကြတဲ့ပရိသတ်တွေလည်းအများကြီးရှိတယ် … ဒါပေမယ့် သူတို့နှစ်ယောက် လက်ကိုင်ထားတဲ့ပုံတွေ၊ နမ်းနေတဲ့ပုံတွေသာမြင်လိုက်ရင် ရှော့ခ်အကြီးကြီးရသွားမယ့်သူတွေလည်းရှိလိမ့်မယ်လို့လည်း ငါယုံကြည်ပါတယ် … သူတို့ ဒိတ်ကြတဲ့ပုံစံကတော့ လုံး၀ရိုးရိုးလေးပါပဲ … ဒါပေမယ့် အဲဒီပုံတွေသာ ငါ တင်လိုက်ရင်တော့ Fandom နှစ်ခုရော၊ Hater တွေရော၊ အပြင်လူတွေရော အကုန်ပါဝင်ပြီး တတိယကမ္ဘာစစ်ဖြစ်သွားကြမှာ” လို့ဆိုကာ ထုတ်ဖော်ပြောခဲ့တာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ပုံရိပ်တွေကိုစတင်ဖြန့်ချိသူရဲ့တွစ်တာအကောင့်နဲ့ တယ်လီဂရမ်အကောင့်တို့ဟာ ပရိသတ်ပေါင်းများစွာရဲ့တိုင်ကြားမှုတွေကြောင့် ယာယီအပိတ်ခံထားရတယ်လို့ သိရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *