Dance floor မှာ အမိုက်စားကပြခဲ့တဲ့ ‘Squid Game’ သရုပ်ဆောင် အဘိုး Oh Yeong Soo
Squid Game သရုပ်ဆောင် အသက် ၇၈ နှစ်အရွယ် အဘိုး Oh Yeong Soo က Emmys ဆုပေးပွဲ ပွဲပြီးပါတီရဲ့ Dance floor မှာ အသက်အရွယ်နဲ့ မလိုက်အောင် ပေါ့ပေါ့ပါးပါးနဲ့ ခေတ်ပေါ်ကကွက်တွေ ကပြခဲ့ပါတယ်။
စာရေးသူ Meena Harris က ‘Squid Game’ စတားရဲ့ dance video ကို သူ့ရဲ့တွစ်တာအကောင့်ကနေ တင်ပေးခဲ့တာဖြစ်ပြီး သရုပ်ဆောင် အဘိုး Oh Yeong Soo ကနေတဲ့ ဗီဒီယိုက ချက်ခြင်းဆိုသလို အင်တာနက်မှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး စိတ်ဝင်စားမှုအများအပြား ရရှိလျက်ရှိပါတယ်။
ဗီဒီယိုထဲမှာတော့ အဘိုး Oh Yeong Soo က dancing floor အလယ်မှာ Leave the Door Open သီချင်းနဲ့ ကနေပြီး ဘေးနားမှာတော့ ပွဲလာအနုပညာရှင်တွေက ဝန်းရံနေပြီး အားပေးခဲ့ကြပါတယ်။ တေးသွား အနှေးအမြန် ပေါ်မူတည်ပြီး တိတိကျကျ ကပြသွားတာက Squid Game ထဲက အသက်ကြီးကြီး အဘိုးအိုလို့ မထင်မှတ်ရလောက်အောင်ပါပဲ။
သရုပ်ဆောင် Oh Yeong Soo ရဲ့ စက္ကန့် ၃၀ စာ အကဗီဒီယိုလေးက တင်ပြီးပြီးချင်း နေ့တစ်ဝက်မှာပင် view လေးထောင်ကျော် ရရှိခဲ့ပါတယ်။ ပရိသတ်တွေကတော့ Oh Yeong Soo က Emmy Award Show ကို ဆုတ်ဖြဲသွားတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Oh Yeong Su ဟာ Emmy ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ပို့ဆု ဆန်ကာတင်ဝင်ခဲ့ပေမဲ့ ဆုရရှိခဲ့ခြင်းတော့ မရှိပါဘူး။
‘Squid Game’ Emmy ရဲ့ အဓိကဆုကြီးဖြစ်တဲ့ Best Picture ဆုကို ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး ဒါဟာ ပထမဦးဆုံး အင်္ဂလိပ်ကားမဟုတ်တဲ့ ဇာတ်ကားတစ်ကားက ဆန်ကာတင်ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနှစ် Emmy ဆုပေးပွဲမှာတော့ Hwang Dong Hyuk က Best Director ဆုရရှိခဲ့ပြီး မင်းသား Lee Jung Jae ကတော့ Best Actor ဆုကို အိမ်ယူသွားနိုင်ခဲ့ပါတယ်။
Soya