အိုလံပစ် အားကစားသမားဘဝမှ K-Pop Idol ဘဝကို ကူးပြောင်းလာခဲ့သူ Jackson Wang
အိုလံပစ် အားကစားသမားဘဝမှ K-Pop Idol ဘဝကို ကူးပြောင်းလာခဲ့သူ Jackson Wang
ဖော်ရွေပြီး ချစ်စရာကောင်းတဲ့ K-Pop အမျိုးသားကြယ်ပွင့်တွေနဲ့ ပတ်သက်လာရင် GOT7 အဖွဲ့ဝင် Jackson Wang ကို ပရိသတ်တွေက ဘယ်တော့မှ မမေ့ပါဘူး။
အကြောင်းရင်းကတော့ သူဟာ အမြဲတမ်းရယ်မောနေတတ်ပြီး သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း ပျော်ရွှင်စရာ အငွေ့အသက်တွေ ဖန်တီးပေးတတ်သူမလို့ပါပဲ။
တကယ်တော့ ဒီကောင်လေးရဲ့ နောက်ကွယ်မှာ အလွန်စိတ်ဝင်စားစရာ အကြောင်းတရားတွေ ရှိနေခဲ့ပါတယ်။ Jackson ဟာ မကြာမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ idol ဖြစ်လာပုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
Jackson က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က ကျောင်းတစ်ကျောင်းမှာ ပညာသင်ကြားနေစဥ် စာမေးပွဲဖြေတဲ့နေ့မှာတော့ ဖြေဆိုပြီး အိမ်ပြန်လာကာ ဘတ်စကတ်ဘော လေ့ကျင့်ဖို့ သွားခဲ့ချိန်မှာ သူ့ရဲ့ idol ဖြစ်မယ့် လမ်းကြောင်းနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပြလာခဲ့ပါတယ်။
JYP ဝန်ထမ်းတွေက သူ့ကျောင်းမှာ ပေါ်လာပြီး သူ့ကိုတွေ့တော့ အဆိုတော်ဖြစ်ချင်လားလို့ မေးလာခဲ့ပါတယ်။ နောက်မေးခွန်းကတော့ ကတတ်လားဆိုတဲ့ မေးခွန်းပါတဲ့။
ဒါကိုကြားတော့ Jackson ကလည်း အဆိုတော် ဖြစ်ချင်သလို ကတတ်လည်း တတ်တယ်လို့ ပြန်ဖြေခဲ့ပြီး သူတို့အတွက် သီချင်းမပါဘဲ ကပြခဲ့ပါတယ်တဲ့။ အဲဒီလိုနဲ့ ဝန်ထမ်းတွေကလည်း လူရွေးပွဲအတွက် Jackson ကို အဆင်သင့်ပြင်ထားဖို့ ပြောခဲ့ပါတယ်။
အဲလိုနဲ့ Jackson လည်း လူရွေးပွဲသို့ သွားရောက် အရွေးခံခဲ့ရာမှာ JYP က သူ့ကို အိမ်ပြန်ခိုင်းပြီး စောင့်ခိုင်းပြီး အောင်မြင်ရင် အကြောင်းကြားပေးမှာဖြစ်ကြောင်း ပြန်ပြောခံခဲ့ရပါတော့တယ်။
လူရွေးပွဲ သွားပြီးကတည်းက Jackson တစ်ယောက် နေ့တိုင်း အီးမေးလ်တွေ ထိုင်စောင့်ပြီး သုံးပတ်ကျော်ကြာအောင် စောင့်ပြီးကာမှ အနုပညာက သူ့အတွက် လမ်းမဟုတ်ဘူးလို့ ထင်ပြီး ကြက်တောင်ရိုက်ဖို့ပဲ အာရုံစိုက်တော့တယ်လို့ တွေးပြီး လက်လျှော့လိုက်ပါတော့တယ်။
တကယ်တော့ တစ်ဖက်မှာလည်း Jackson ဟာ အိုလံပစ်ပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု ကြက်တောင် အားကစားသမားဖြစ်ဖို့ အားထုတ်နေခဲ့ရတာပါ။
တစ်နေ့မှာတော့ JYP က သူ့ကို ရွေးချယ်ဖြစ်ခဲ့ကြောင်း ကြေညာခဲ့ပြီး ကိုရီးယားကို ချက်ခြင်းလာဖို့ ဖိတ်ခေါ်ခဲ့ပါတော့တယ်။ အဲဒီအချိန်မှာတော့ Jackson လည်း အိုလံပစ်ကို လက်လျှော့ပြီး ကိုရီးယားကိုသွားဖို့ သူ့မိဘတွေကို စည်းရုံးရင်း ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပါတော့တယ်။
အခုချိန်မှာတော့ အိုလံပစ် အားကစားသမား ဘဝက idol ဘဝကို ကူးပြောင်း ရွေးချယ်ခဲ့တဲ့ သူ့အတွက်တော့ မှန်ကန်တဲ့နည်းလမ်းလို့ ဆိုနေနိုင်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ Jackson က ကမ္ဘာကျော် စူပါစတားတစ်ယောက်ဖြစ်နေပြီမလို့ပါပဲ။