Chunsa Film Art Awards မှာ အထူးချွန်ဆုံး မင်းသမီးဆုကို ဆွတ်ခူးခဲ့တဲ့ IU

Chunsa Film Art Awards မှာ အထူးချွန်ဆုံး မင်းသမီးဆုကို ဆွတ်ခူးခဲ့တဲ့ IU

အဆိုတော်-မင်းသမီး Lee Ji Eun (IU) ကတော့ “Broker” ဇာတ်ကားနဲ့ သူမရဲ့ ပထမဆုံးသော အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့ပါပြီ။

စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ၂၇ ကြိမ်မြောက် Chunsa Film Art Awards ကို ဆိုးလ်မြို့၊ Seongdong-gu ရှိ Sowol Arts Hall မှာ ကျင်းပခဲ့ပြီး တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

ဆုပေးပွဲ အခမ်းအနားမှာတော့ Lee Ji Eun ဟာ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုရှင်အဖြစ် ကြေငြာခံခဲ့ရပြီး သူမဟာ Covid-19 လူနာများနဲ့ နီးကပ်စွာ အဆက်အသွယ်ရှိခဲ့တာကြောင့် အခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ Lee Ji Eun က သူမရဲ့ ဆုလက်ခံစကားပြောဆိုမှုကို အသံမက်ဆေ့ချ်မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။ မင်းသမီးက “ကျွန်မဘဝရဲ့ အကောင်းဆုံး ဇာတ်ဝင်ခန်းကို ရိုက်ကူးထားပြီးပြီလို့ ထင်ပါတယ်။”

“ကျွန်မ တကယ်လေးစားရတဲ့ ဒါရိုက်တာ Hirokazu Kore-eda ရဲ့ ဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့ပြီး Song Kang-ho၊ Kang Dong-won၊ Bae Doo-na လိုမျိုး အကြီးတန်းသရုပ်ဆောင်တွေနဲ့ လက်တွဲလုပ်ဆောင်နိုင်ခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်။”

“ကျွန်မ အဲဒါကို အချိန်အကြာကြီး မှတ်မိနေမှာပါ၊ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။

သူမရဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ “Broker” ကို ချစ်ခင်မြတ်နိုးကြောင်း ဖော်ပြပြီး Lee Ji Eun က“အစကနေ အဆုံးထိ ‘Broker’ က ကျွန်မနဲ့ မထိုက်တန်ဘူးလို့ ထင်ရတဲ့ လက်ဆောင်တွေ အများကြီး ပေးခဲ့ပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ရုပ်ရှင်မင်းသမီးအဖြစ် ပထမဆုံး ဆုရရှိခဲ့တာလည်း အရမ်းဂုဏ်ယူမိပါတယ်။ ဒီတစ်ခါတော့ အားလုံးကို လူကိုယ်တိုင် မနှုတ်ဆက်နိုင်ပေမယ့် အနာဂတ်မှာ ပိုကောင်းတဲ့ မင်းသမီးတစ်ယောက်ဖြစ်ဖို့ ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်” လို့ IU က သူ့ရဲ့အပျော်တွေကို ဝေမျှသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x