Nam Joo Hyuk ရဲ့ “Remember” ရုပ်ရှင်ကိုကြည့်ရှုသင့်ကြောင်း BLINK တို့ကို အကြံပြုခဲ့တဲ့ Rosé
Nam Joo Hyuk ရဲ့ “Remember” ရုပ်ရှင်ကိုကြည့်ရှုသင့်ကြောင်း BLINK တို့ကို အကြံပြုခဲ့တဲ့ Rosé
ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ကိုရီးယားမှထွက်ခွာခြင်းမပြုမီ BLACKPINK အဖွဲ့ဝင်တို့ဟာ ပွဲနဲ့ အခမ်းအနား အမျိုးမျိုးကို တက်ရောက်ခဲ့ကြပြီး ယခုတစ်ကြိမ်မှာလည်း Rosé ဟာ အခမ်းအနားတစ်ခုရဲ့ အထူးဧည့်သည်တစ်ဦး ဖြစ်ခဲ့ပါတယ်။
Rosé ဟာ နာမည်ကျော် မင်းသားချော Nam Joo Hyuk ရဲ့ ရုပ်ရှင်အသစ်ဖြစ်သည့် “Remember” ရဲ့ သီးသန့်ပြပွဲ အခမ်းအနားကို အမိုက်စား အသွင်အပြင်နဲ့ တက်ရောက်လာခဲ့တာပါ။
ဒီရုပ်ရှင်ရဲ့ တရားဝင် ရုံတင်ရက်ကတော့ အောက်တိုဘာ ၂၆ ရက် ဖြစ်ပေမဲ့လည်း BLACKPINK အဖွဲ့ဝင် Rosé အပါအဝင် အထူးဧည့်သည်များဖြင့် သီးသန့်ပြပွဲတစ်ခု ကျင်းပခဲ့ပါတယ်။
Rosé ရဲ့ ဒီပွဲလေးက ဖက်ရှင်နဲ့ အသွင်အပြင်တို့ကလည်း မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ စိုးမိုးထားနိုင်ခဲ့ပြီး မနှင်းဆီလေးဟာ စမတ်ကျကျ အနက်ရောင် အနောက်တိုင်းဝတ်စုံ၊ ရှပ်အင်္ကျီအဖြူတို့ကို တွဲဖက် ၀တ်ဆင်ထားပြီး ဒေါက်ဖိနပ်များအစား Teddy Derbies ကို ဆင်မြန်းထားခဲ့ရင်း ယောက်ျားလေးဆန်တဲ့ အသွင်အပြင်မျိုးကို ပြသခဲ့ပါတယ်။
မီဒီယာသမားတွေနဲ့ ကင်မရာတို့ကလည်း လှပမိမိုက်နေတဲ့ idol ရဲ့ လှုပ်ရှားမှုတိုင်းနဲ့ အံ့သြဖွယ်ကောင်းတဲ့ ၀တ်စုံအသွင်တို့ကို အရဖမ်းမိသွားခဲ့ရင်း ခေါင်းစီးပိုင်းတွေမှာ ဝေဝေဆာဆာ ဖော်ပြလာခဲ့ကြပါတယ်။
ပွဲတက်ရောက်ပြီးနောက် Rosé က Nam Joo Hyuk ရဲ့ ဒီဇာတ်ကားက ရယ်စရာကောင်းပေမဲ့ စိတ်လှုပ်ရှားမှုလည်းဖြစ်စေတာကြောင့် BLINK လေးတို့လည်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းဖြစ်ကြောင်းလည်း အကြံပြုသွားခဲ့ပါတယ်။