‘King the Land’ ဇာတ်လမ်းတွဲမှာ Yoona နဲ့အတူ တွဲဖက်သရုပ်ဆောင်ရတဲ့ ခံစားချက်ကိုပြောပြလာတဲ့ Lee Junho

‘King the Land’ ဇာတ်လမ်းတွဲမှာ Yoona နဲ့အတူ တွဲဖက်သရုပ်ဆောင်ရတဲ့ ခံစားချက်ကိုပြောပြလာတဲ့ Lee Junho

K-pop Idol အဖြစ်နဲ့ အနုပညာနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ သရုပ်ဆောင်မင်းသားအဖြစ် အောင်မြင်စွာရပ်တည်နေလျက်ရှိတဲ့ 2PM အဖွဲ့ဝင် Junho ဟာဆိုရင် သိပ်မကြာခင်အချိန်ကာလအတွင်းမှာ ဒရမ်မာဇာတ်လမ်းတွဲအသစ်တစ်ခုနဲ့ ပရိသတ်တွေရဲ့ရှေ့မှောက်ကို တစ်ဖန်ပြန်လည်ရောက်ရှိ လာတော့မှာပဲဖြစ်ပါတယ်။

အဲဒီဇာတ်လမ်းတွဲကတော့ သူ့နည်းတူ Idol အဖြစ်နဲ့သာမက သရုပ်ဆောင်တစ်လက်အနေနဲ့ပါ အောင်မြင်စွာရပ်တည်လှုပ်ရှားနေတဲ့ Girls’ Generation အဖွဲ့ဝင် Yoona နဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ “King The Land” ပဲဖြစ်ပြီး ဒီဇာတ်လမ်းတွဲဟာဆိုရင် လိုက်ဖက်ညီလွန်းလှတဲ့ Idol သရုပ်ဆောင်နှစ်ယောက်ကို အတူတွဲမြင်တွေ့ရမဲ့ ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်တွေမှာလည်း စိတ်ရှည်ရှည်နဲ့ အချိန်ကြာမြင့်စွာမျှော်လင့်စောင့်စားနေခဲ့ကြတာပါ။

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တို့ရဲ့ “MBC Gayo Daejejeon” မှာ ၂ နှစ်ဆက်တိုက်ဆိုသလို MC တွေအဖြစ်နဲ့ရော Special Stage အနေနဲ့ပါ တွဲဖက်ဖျော်ဖြေခဲ့ကြပြီးနောက် လိုက်ဖက်ညီလွန်းတယ်လို့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကိုခံခဲ့ရတာနဲ့ပတ်သက်ပြီး Junho က ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကထွက်ရှိလာတဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ဖွင့်ဟပြောပြသွားခဲ့တာကိုတွေ့ရပါတယ်။

“ဒီဇာတ်ကားကိုရိုက်ဖို့အတွက် ကျွန်တော် ထိုင်းကိုရော၊ အင်္ဂလန်ကိုပါ သွားခဲ့ရတာဗျ … အခုတော့ ကိုရီးယားမှာဆက်ပြီးရိုက်ကူးနေတယ်ဆိုပေမဲ့ ဂျယ်ဂျူးကိုလည်း သွားလိုက်ရသေးတယ်လေ … နေရာတွေအများကြီးသွားပြီး ရိုက်ကူးရေးလုပ်ခဲ့ကြရပေမဲ့ သရုပ်ဆောင်တွေရော၊ ဒါရိုက်တာတွေရောက ကောင်းမွန်တဲ့အခြေအနေမျိုး ဖန်တီးကြမယ်လို့ သဘောတူထားကြတော့ ရိုက်ကူးရေးလုပ်ရတာ ပျော်စရာကောင်းခဲ့ပါတယ် … သရုပ်ဆောင်တွေအများစုကလည်း သက်တူရွယ်တူတွေဆိုတော့ အလုပ်လုပ်ရတာ သက်တောင့်သက်သာရှိခဲ့ပါတယ်”

“Yoona နဲ့က MBC Gayo Daejejeon မှာလည်း MC အတူတူလုပ်ခဲ့ဖူးတာဆိုတော့ ပရိသတ်တွေက ကျွန်တော်တို့နှစ်ယောက်ကို အတူတွဲပြီးမြင်ရဖို့ အများကြီးမျှော်လင့်ထားကြတာလို့ ထင်ပါတယ် … သူကလည်း ကျွန်တော် ငယ်ငယ်ကည်းကသိလာရတဲ့ အဆိုတော်တစ်ယောက်ဆိုတော့ စကားပြောရဆိုရတာ သက်တောင့်သက်တာရှိတယ်လေ … သူနဲ့က နဂိုကတည်းကရင်းနှီးခဲ့ကြတယ်ဆိုပေမဲ့ ရိုက်ကွင်းပေါ်မှာတော့ သူ့ကို မင်းသမီးတစ်ယောက်လို အသိအမှတ်ပြုပြီး ဆက်ဆံခဲ့ပါတယ် …”

“ကျွန်တော်တို့ရဲ့ပုံစံတွေကလည်း ဒရမ်မာနဲ့အံဝင်ခွင်ကျဖြစ်ခဲ့တယ်လို့ထင်တာကြောင့် သူ့ရဲ့တွဲဖက်သရုပ်ဆောင်အနေနဲ့ ကျွန်တော်ကိုယ်တိုင်ကလည်း ကောင်းကောင်းသရုပ်ဆောင်သင့်တယ်လို့ တွေးမိခဲ့ပါတယ် … ကျွန်တော်တို့တွေက အပေးအယူလည်းမျှတော့ ပရိသတ်တွေအများကြီးက ဒီဇာတ်ကားလေးကို ကြိုက်နှစ်သက်အားပေးကြမယ်လို့ ယုံကြည်ထားပါတယ် … ဇာတ်ကားပုံစံလေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်မိသူပရိသတ်တွေတိုင်းကို ပျော်ရွှင်စေမဲ့ ဇာတ်ကားမျိုးလေးပါ” လို့ဆိုကာ Junho က Yoona နဲ့တွဲဖက်သရုပ်ဆောင်ရတဲ့ခံစားချက်အကြောင်းကိုသာမက ဇာတ်ကားနဲ့ပတ်သက်တဲ့အကြောင်းကိုပါ ဖွင့်ဟပြောပြသွားခဲ့တာဖြစ်ပါတယ်။

 

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x