သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းသစ်မှာ တွဲဖက်သွားရနိုင်ချေရှိတဲ့ Xiao Zhan, Bai Baihe နဲ့ Tan Songyun
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းသစ်မှာ တွဲဖက်သွားရနိုင်ချေရှိတဲ့ Xiao Zhan, Bai Baihe နဲ့ Tan Songyun
ပရိသတ်အချစ်တော် နာမည်ကျော် မင်းသားလေး Xiao Zhan ဟာ မတူညီတဲ့ ဇာတ်ကောင်များစွာကို လက်ခံရိုက်ကူးနေရင်း ပရိသတ်များအား ဆန်းသစ်မှုတွေကို ချပြနေစဥ်မှာပဲ ခေတ်ပေါ် လူလတ်ပိုင်း အချစ်ဇာတ်လမ်းသစ်မှာ ပါဝင်နိုင်တယ်လို့ သတင်းတွေထွက်လာပါတယ်။
Xiao Zhan နဲ့ ရိုက်ကူးသွားနိုင်ချေ ရှိတယ်လို့ ပြောဆိုနေကြတဲ့ ဇာတ်လမ်းဟာ “Sunshine with me” (Blazing Sunlight) လို့ အမည်ရတဲ့ ခေတ်ပေါ် လုပ်ငန်းခွင် အချစ်ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။
ဒီကားဟာ ဆယ်ကျော်သက် လူငယ်ဘဝက ဖြူစင်တဲ့အချစ်နဲ့ အလုပ်အကိုင်အတည်တကျရှိနေပြီဖြစ်တဲ့ လူလတ်ပိုင်းအရွယ်မှာ ဖြစ်ပေါ်လာတဲ့ တည်ငြိမ်တဲ့အချစ်အား နှိုင်းယှဥ်ပြသသွားမယ်လို့ သိရပါတယ်။
ဝတ္ထုကို ပြန်လည်ရိုက်ကူးမယ့်ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းအတွက် အဓိကဇာတ်ဆောင် မင်းသားနေရာမှာ ရေပန်းစားနေတာကတော့ ပရိသတ်အချစ်တော် မင်းသား Xiao Zhan ဖြစ်ပါတယ်။
အကယ်၍များ လက်ခံရိုက်ကူးဖြစ်ခဲ့ရင်တော့ ရှောင်းကျန့်ကို လုပ်ငန်းခွင်အား ဦးစီးနေတဲ့ သူဌေးတစ်ဦးအဖြစ် မြင်တွေ့နိုင်ရဖွယ် ရှိနေခဲ့ပါပြီ။
အမျိုးသမီးဇာတ်ဆောင် နေရာတွေအတွက် နာမည်ထွက်လာခဲ့သူတွေကတော့ အသက် (၃၈) နှစ်အရွယ် တန်ကြေးမြင့် မင်းသမီးချောဖြစ်သူ Bai Baihe အပြင် ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေး Tan Songyun တို့ပါပဲ။
မူရင်းဝတ္ထုမှာကိုက လူလတ်ပိုင်းတွေရဲ့ ရင့်ကျက်တဲ့အချစ်အား အသားပေးရေးသားထားတာကြောင့် ဇာတ်လိုက်ရိုက်ကူးဖို့ နာမည်ထွက်လာသူတွေကလည်း အတွေ့အကြုံရှိတဲ့ အသက် ၃၀ ဝန်းကျင် သရုပ်ဆောင်တွေချည်းပါပဲ။
iQIYi က ရိုက်ကူးဖို့ပြင်ဆင်နေတာဖြစ်ပြီး ဇာတ်ကောင်များ အကြောင်းကိုတော့ သေချာမသိရသေးပါဘူး။ ဩဂုတ်လမှာ စတင်ရိုက်ကူးမယ်ဆိုပြီး သတင်းများစွာ ထွက်ရှိနေတာဖြစ်လို့ မကြာခင် ရက်ပိုင်းမှာပဲ တိကျတဲ့အတည်ပြုချက်တွေ ထွက်ရှိလာနိုင်ပါတယ်။
Xiao Zhan ကိုတော့ တစ်ခါမှမမြင်ဖူးတဲ့ လုပ်ငန်းခွင်သူဌေး ဇာတ်ရုပ်အဖြစ်သာ မြင်တွေ့သွားရမယ်ဆိုရင်တော့ “Sunshine with me” က နိုင်ငံတကာမှာ ဟိုးလေးတကျော်ဖြစ်သွားဦးမှာ မြင်ယောင်နေမိပါပြီ။